|
Written by ဝေဖြိုးလင်း
|
|
Wednesday, 24 September 2008 11:19 |
 လီဗာပူး ပရိသတ်များအတွက် ရင်ခုန်စရာ၊ စိတ်ဝင်စားဖွယ် ပွဲကြပ်ကာလ တစ်ခုကတော့ ရောက်လာပါတော့မယ်။ ချန်ပီယံဆုကို ရယူနိုင် မလားဆိုတာ မှတ်ကျောက်တင်ခံရတော့မယ့် လာမယ့်စနေ စက်တင်ဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ အထိ ကစားရမယ့် ပွဲစဉ်များပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ အဲ့ဒီ စက်တင်ဘာ ၂၇ရက်နေ့မှ နိုဝင်ဘာ ၁ရက်နေ့ကြား လီဗာပူးအသင်းရဲ့ ပွဲစဉ်အားလုံးကို တင်ပြပေးပါ့မယ်။ | 27 Sep, 2008 | Everton | EPL | Away | | 01 Oct, 2008 | PSV Eindhoven | UCL | Home | | 05 Oct, 2008 | Manchester City | EPL | Away | | 18 Oct, 2008 | Wigan Athletic | EPL | Home | | 22 Oct, 2008 | Atletico Madrid | UCL | Away | | 26 Oct, 2008 | Chelsea | EPL | Away | | 29 Oct, 2008 | Portsmouth | EPL | Home | | 01 Nov, 2008 | Tottenham Hotspur | EPL | Away | အဲဒီကာလ တလျှောက်မှာ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ် ၆ ပွဲ ကစားရမည့် အထဲမှာ အသင်းကောင်းများနဲ့ အဝေးကွင်း သွားရောက် ကစားဖို့ ၄ ပွဲတိတိ ရှိနေပါတယ်။
အဲ့ဒီပွဲတွေကတော့ လီဗာပူးအသင်းရဲ့ မြို့ ခံပြိုင်ဘက် ဖြစ်တဲ့ အဲဗာတန် (မာဆေးဆိုဒ်ဒါဘီ)ပွဲ၊ အံ့သြသင့်ဖွယ် ပြင်ဆင်မှုတွေ လုပ်ထားပြီး ခြေစွမ်းလည်း ပြနေတဲ့ မန်စီးတီး၊ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစားနေတဲ့ စကိုလာရီရဲ့ ချယ်လ်ဆီး၊ အပြောင်းအလဲတွေ အများကြီး လုပ်ထားပြီး ရာသီအစမှာ ခြေစွမ်းမပြနိုင်တာကြောင့် ပွဲစဉ်တိုင်းမှာ အားကြိုးမာန်တက် ကစားလာနိုင်တဲ့ စပါးအသင်းတို့နဲ့ အဝေးကွင်း တွေမှာ သွားကစားရမယ့် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်း အနေနဲ့ ရာသီအစမှာ အရင်နှစ်များနဲ့မတူဘဲ ရမှတ်ကောင်းများ ရရှိနေပြီး ချန်ပီယံ မန်ယူကိုလည်း အိမ်ကွင်း အန်ဖီးလ်မှာ အနိုင်ကစားနိုင်ခဲ့တဲ့အတွက် ချန်ပီယံ မျှော်လင့်ချက် များနဲ့အတူ လီဗာပူးပရိသတ်များ ပျော်ရွှင်ခဲ့ရပါတယ်။ သို့ပေမယ့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စတုတ်စီးတီးအသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ သရေသာ ကစားနိုင်တဲ့အတွက် လီဗာပူး ပရိသတ်များ အနေနဲ့ အားမလို အားမရ ဖြစ်ခဲ့ကြရပါတယ်။
အထူးသဖြင့်ကတော့ ပြီးခဲ့တဲ့နှစ်က လီဗာပူးရဲ့ ဂိုးသွင်းဘုရင် တောရက်စ်နဲ့ ဒီနှစ်မှာ လီဗာပူးကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာတဲ့ ရော်ဘီကိန်းတို့ တိုက်စစ်အတွဲကနေ ဂိုးများမသွင်းယူ နိုင်တဲ့အပေါ် မချိတင်ကဲ ဖြစ်နေကြရပါတယ်။ လီဗာပူး တိုက်စစ်မှုးများထဲမှ တောရက်စ် ဆန်းဒါးလန်းကို ပွဲပြီးကာနီး သွင်းယူခဲ့တဲ့ဂိုးမှလွဲ၍ နောက်ထပ် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာကလည်း လီဗာပူးအသင်းရဲ့ တိုက်စစ် စွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
လီဗာပူးအသင်း လက်ရှိ သွင်းယူနေတဲ့ ဂိုးများကတော့ ကွင်းလယ်မှ ဂျရတ်၊ လူးကပ်စ်၊ ဘာဘယ် နောက်တန်းလူ ကာရေဂါ၊ အက်ဂါနဲ့ တစ်ဖက်အသင်းများမှ ကိုယ့်ဂိုးကိုယ်သွင်းသည့် ဂိုးများပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လာမယ့် ပွဲကြပ်ကာလမှာ နည်းပြ ဘင်နီတက်ဇ်အနေနဲ့ သူ့ရဲ့ တိုက်စစ်ကို ဘယ်လိုမြှင့်တင်ပြီး ကစားမလဲ၊ ကစားရမယ့် လီဗာပူး အသင်းရဲ့ အဝေးကွင်းပွဲစဉ်တွေမှ ရမှတ်ဘယ်လောက်ရယူနိုင်မလဲ၊ ဆိုတာ ပွဲကြီးပွဲကောင်းတွေကို စောင့်နေတဲ့ လီဗာပူး ပရိသတ်များ ရင်ခုန်စွာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။
 |